Tom နှင့် Messy ၏ ရဲတိုက်ငယ်ငယ်..

ပုဂ္ဂလမှ လွတ်လပ်လင်းပွင့်သော အဖွဲ့အစည်းဆီသို့ ..

Tuesday, July 7, 2009

ကျွန်တော်တို့တိုင်းပြည်

ဘာဖြစ်နေလဲ ... အား....ဘာဖြစ်နေလဲ တွေးလို့ကိုမရဘူးဗျာ။ ကျွန်တော်သိနေတာ အရာအားလုံးဟာ ပုံမှန်မဟုတ်ဘူးဆိုတာပဲ။ နောက်တဖြေးဖြေးချင်း ခေါင်းထဲကိုရောက်လာတာက ကျွန်တော်တို့ကား တစ်ခုခုနဲ့တိုက်ထားတယ်ဆိုတာကိုပဲ။ ရှေ့ခန်းက မောင်းတဲ့သူငယ်ချင်း ဘာဖြစ်သွားတယ်ဆိုတာထက် ကျွန်တော်ကိုယ့်ကိုယ်ကို အရင်အပြင်ရောက်အောင် တိုးထွက်နေခဲ့တယ်။ အသည်းအသန်ရုန်းထွက်လာခဲ့ပေမယ့်
ဘယ်လိုအပြင်ရောက်ခဲ့မှန်း ပြန်မေးရင် ဖြေဖို့အဖြေမရှိဘူး။
လမ်းပေါ်မှာ ကားမီးရောင်နဲ့ မှန်ကွဲစတွေက တလက်လက် ..၊ ကားခေါင်းညာဘက်ခြမ်းတစ်ခြမ်းလုံး တွန့်လိပ်လို့။ အထဲကကောင်သေပြီလား..... ... ...။ ကျွန်တော်ခေါ်ကြည့်လိုက်တယ်။ သူပြန်ထူးလာတယ် ဒါပေမယ့်သူလှုပ်လို့မရဘူး။ သူ့တကိုယ်လုံးဟာ စတီယာရင်နဲ့ ထိုင်ခုံကြားမှာညှပ်နေတယ်။ အကူအညီတခုခုရလိုရငြား လမ်းပေါ်တက်ကြည့်တော့ လမ်းတဖက်ဘီယာဆိုင်က စားပွဲထိုးလေး ၄ယောက်ရောက်လာတယ်။ ကျွန်တော်နဲနဲအားတက်သွားတယ်။ သူတို့မှာပါလာတဲ့ ဓါတ်မီးနဲ့ သူငယ်ချင်းကိုထိုးကြည့်တော့ သူ့ခြေထောက်က မမြင်ဝံ့စရာအခြေအနေ။ လာကူတဲ့ကောင်လေးကို မီးအမြန်ပြန်ပိတ်ခိုင်းလိုက်မိတယ်။ သူငယ်ချင်းက ငါ့ခြေထောက်ဘာဖြစ်သွားလဲ ... ..ဘာဖြစ်သွားလဲနဲ့မေးနေတော့ ဘာမှသိပ်များများဖြစ်မသွားတဲ့အကြောင်း ဖြေလိုက်ရပေမယ့် ရင်ထဲမှာပူနေပြီ။
ကျွန်တော်တို့ကားပေါ်မှာ ကလန့်စရာ ကုတ်အဖြစ်သုံးစရာ သံပိုက်လုံးတစ်ချောင်းကလွဲရင် တခြားပါမလာခဲ့ဘူးလေ။ ကံကကောင်းချင်တော့ ပျဉ်ချောင်းတွေတင်ထားတဲ့ကားတစ်စီး ဘေးမှာလာရပ်ပြီး ဘာဖြစ်သလဲ ဘာကူရမလဲလာမေးတယ်။ ကားပေါ်ကနေမောင်းသူနဲ့ အဖော်တွေဆင်းလာပြီး သူတို့ကားမှာပါလာတဲ့ပျဉ်ချောင်းတွေ သံပိုက်တွေနဲ့ ကလန့်ပြီး သူငယ်ချင်းကိုဆွဲထုတ်ရတယ်။ အပြင်ကိုရောက်လာတာနဲ့ ပုဆိုးတစ်ထည်နဲ့ သူ့ခြေထောက်ကို ပတ်စည်းပစ်လိုက်တယ်။ သူမမြင်စေချင်ဘူးဗျာ။
ကျွန်တော်တို့ မြို့ပြင်မှာပါ။ မိုးတွေကလည်း ဖွဲဖွဲနဲ့။ ပျဉ်တွေသယ်လာတဲ့ကားနဲ့တော့ ရန်ကုန်ကိုသယ်လို့မရတာ ကျွန်တော်လည်းနားလည်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပြီး ကားတားရအောင် လမ်းမပေါ်တက်ခဲ့တယ်ဗျာ။ ကျွန်တော့်သူငယ်ချင်းကို ပွေ့လို့ပေါ့။ ဖြတ်သွားတဲ့ကားတိုင်းက မတင်ချင်ကြဘူး။ ကားပေါ်မှာပဲသေသွားမှာ စိုးလို့လား၊ အမှုပတ်မှာစိုးလို့လား မသိပါဘူးဗျာ။
ဒီလိုနဲ့ အချိန်ကကြာလာ ကားတွေကဖြတ်ပေမယ့် မတင်သွားကြတော့ ဘေးမှာရပ်ကြည့်ပြီး လိုတာလုပ်ပေးနေတဲ့ စားပွဲထိုးကောင်လေးတွေက ဒေါသတွေထွက်လာတယ်။ ကျွန်တော်လည်းဒေါသထွက်ပါတယ်။ ကောင်လေးတွေက '' အကိုစောင့်နေ ကျွန်တော်တို့တားမယ် မရပ်ရင်ရိုက်မယ်ဗျာ'' လို့ပြောပြီး တုတ်တွေနဲ့ လမ်းလယ်ကနေရပ်ပြီးတားပါတယ်။ အဲ့ဒိတော့မှ ကားတစ်စီးရပါတယ်။ ကားဆရာကို ''အကိုရေ ကူညီပါဗျာ ခြေထောက်ပဲထိတာပါ၊ မသေပါဘူး" လို့တောင်းပန်ပြီး ရန်ကုန်ကိုပို့ခိုင်းရပါတယ်။ အဲ့လို ဖြတ်သွားသမျှ ကားအစင်းတိုင်းကို တောင်းပန်ခဲ့တာပါ။
ကားဆရာကလည်း တင်သွားပေးမယ် ဒါပေမယ့် သူ့ကားကမြို့ထဲကို ဝင်လို့မရဘူး taxi ငှားလို့ရတဲ့နေရာမှာ ချပေးထားမယ်လို့ပြောပါတယ်။ ဒါနဲ့ပဲ သူ့ကားနဲ့ လိုက်ခဲ့တာပေါ့ဗျာ။ ဘယ်နေရာထိရောက်ရောက် ခုလိုဘယ်မှမရောက်ဘဲ ဒဏ်ရာကြီးနဲ့နေနေရတာထက်တော့ ကောင်းတာပေါ့ဆိုတဲ့အတွေးနဲ့ ကားပေါ်တက်လိုက်ခဲ့တယ်။ ကျွန်တော်တို့ကားကတော့ဗျာ လှည့်ကိုမကြည့်နိုင်တော့ဘူး။
ကားကဟိုင်းလက်ကလေးဆိုတော့ မိုးတွေကပက်၊ သွေးတွေနစ်နေတဲ့ပုဆိုးပတ်ထားတဲ့ ဒဏ်ရာကြီးနဲ့ ဘော်ဒါကရင်ဘတ်ထဲမှာ မှိန်းလို့။ ဒါနဲ့ taxi တွေရပ်ထားတဲ့နေရာ ရောက်တော့ကားဆရာက ကျွန်တော်တို့ကို ချပေးပါတယ်။ သူထွက်သွားပြီး ကားလိုက်ငှားတော့ ဘယ်ကားမှမလိုက်ဘူးဗျ။ အကြောင်းပြချက်တွေအများကြီးထဲမှာ အဆိုးဆုံးက သူ့ကားသွေးတွေပေသွားလိမ့်မယ်ဆိုတဲ့ ကားဆရာစကားက အဆိုးဆုံးပေါ့ဗျာ။ နောက်ဆုံး စောစောကလိုပဲ ဟိုင်းလက်ကားလေးတစ်စီးရပါတယ်။
ကားဆရာက ပိုက်ဆံ ၂ဝဝဝဝ တောင်းပါတယ်။ ပေးတာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်ပေးရမှာပါပဲ။
အဲ့ဒီကားလေးနဲ့ ဆေးရုံကြီးကို ရောက်ခဲ့တာပေါ့ခင်ဗျာ။ ဆေးရုံကြီးရောက်တော့ ဆေးရုံကြီးဇာတ်လမ်းက စတော့တာပေါ့။ ကားတိုက်တဲ့နေရာကနေထွက်လာတာ ဆေးရုံကိုရောက်တဲ့အထိ ၅နာရီကြာပါတယ်ခင်ဗျာ။ ခရီးဝေးလို့မဟုတ်ပါဘူး။ အခုဆေးရုံပေါ်ကိုရောက်တော့ ကျွန်တော့်ဘော်ဒါက သွေးအေးသွားတာကြောင့်မို့လားမသိ စပြီးအော်ပါပြီ။ သူကအော် ကျွန်တော်ကစိတ်တွေညစ် .. ဘာလုပ်ရမှန်းလည်းမသိ၊ ဘယ်ကစလုပ်ရမှန်းလည်းမသိ ... ကျွန်တော်အပြင်ထွက်ပြီး ရေတွေသွားခပ်ခဲ့တယ်။
ပြီးတော့ဆေးရုံထဲ လျောက်လောင်းတော့တာပဲ။ ကျွန်တော်လည်း ဖတ်ဖတ်မောပြီး ရေလည်းကုန် ဆရာဝန်ရောက်လာ၊ ဆေးတစ်ချောင်းထိုးပေး၊ ဟိုကောင်လည်း အသံတိတ်ပြီး အိပ်ပျော်သွားပါတယ်။
ကျွန်တော် တော်တော်ပေါက်ကွဲနေပြီဗျ။ ဆေးရုံမှာ နောက်ထပ်၃ နာရီလောက်ကြာပြီးမှ ဆေးတစ်ချောင်းလာထိုးသွားတာပါ။ ကျွန်တော်ဆဲနည်းမျိုးပေါင်းစုံနဲ့ ကျွန်တော်ရင်ထဲမှာ ဆဲမိပြီ။ ကျွန်တော့်ဘော်ဒါကတော့ အားရပါးရအော်ကိုဆဲပြီးပါပြီ။ သူ့ခြေထောက်ကို ဖြတ်ချင်လည်း ဖြတ်ပစ်၊ ဒီအတိုင်းတော့ မခံစားနိုင်တော့ဘူးလို့လည်း အော်ပြီးပါပြီ။ သူအော်နေတုန်း သူနာပြုတစ်ယောက်က ဘာလာပြောလဲ ခင်ဗျားတို့ သိလား .. " ဒါအိမ်မဟုတ်ဘူး ဆေးရုံတဲ့" အဲ့ဒါ သူ့အမေလင်အိမ်မဟုတ်မှန်းတော့ သိတာပေါ့ဗျာ။ ဆောရီးဗျာ ရိုင်းသွားတယ်။
ကျွန်တော်တို့နိုင်ငံက ဘာနိုင်ငံတုန်း။ ကျွန်တော်တို့တွေက ဘာလူမျိုးတွေတုန်း။ ကျွန်တော်တို့ရဲ့ ကောင်းမြတ်ခြင်းဆိုတာတွေက ဘာတွေတုန်း။ ဘယ်မှာလဲ ကိုယ်ချင်းစာတရားတို့၊ ကျင့်ဝတ်တို့ ... သေချာတာ ကမ္ဘာပျက်တော့မယ်။ ကိုယ့်ဥခွံလေးကိုပဲ ကိုယ်ဂရုစိုက်နေရင် အဲ့ဒီဥခွံလေးလည်း ကြာကြာမခံပါဘူး။ ကျွန်တော်တို့ကို ကူပေးခဲ့တဲ့ စားပွဲထိုးလေးတွေ၊ ညကြီးမှောင်မှောင်မှာ သစ်တိုက်နေပေမယ့် ဝင်ကူသွားတဲ့ ကားဆရာ ... အဲ့ဖြေဆေးလေးတွေသာမရှိရင် ... ... ... ။ ။ ။

Read More...

Thursday, June 18, 2009

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ
ယုန်ကလေးပါ။

နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ
အစာရှာထွက်တိုင်း
သစ်ပင် မြက်ပင်ငယ်လေးတွေကို
ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ

ခု
လူနဲ့ ခွေးများတောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း
ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို
ယူသွားကြပေါ့

မောင်ချောနွယ်

Read More...

Sunday, May 3, 2009

နွားများ

နေရောင်က နီစွေးစွေးနှင့် ကောင်းကင်ဝယ် တစ်ချို့နေရာ မရမ်း၊ တစ်ချို့နေရာတွင် မှိုင်းပြာ အရောင်စုံလျက်။
အကြိမ်ကြိမ်ကြုံခဲ့ပြီးသော နေ၀င်ချိန်များ၊ ကြုံရဦးမည့် နေ၀င်ချိန်များစွာ။ အိပ်တန်းပြန်ငှက်တို့က လေးတွဲ့တွဲ့တောင်ပံခတ်လျက် ပျံနေကြသည်။ မြို့ရိုးဟောင်းထက်တွင် အခိုးအငွေ့တို့က ရစ်ဆိုင်းလျက် အရာရာသည် မှိုင်းမှိုင်းမှုန်ဝေ.... ။
နွားအုပ်၊ ဆိတ်အုပ်တို့ကို နွားကျောင်းသားတို့က မောင်းလာကြသည်။ ၄င်းတို့နောက်မှ ဖုန်ငွေ့တို့က တထောင်းထောင်းထလျက်။ အဘယ်အရပ်တို့ ဦးတည်နေသည်ကို မောင်းနှင်ခံ နွား၊ဆိတ်၊ သိုးတို့ သိကြပါသလား။
မနက်အလင်းရောက်လျှင် နွားကျောင်းလုလင်တို့ ခေါ်ဆောင်ရာ အလုပ်ခွင်၊ ထို့နောက် စားကျက်မြေ၊ ညနေစောင်းလျှင် အိပ်စက်ရာစခန်းဆီသို့။ ဤဖြစ်ရပ်တို့သည် အဖန်ဖန် အထပ်ထပ် သံသရာကဲ့သို့လည်နေလျက်။
တခမ်းတနားနှင့် ကြီးကျယ်တောက်ပခဲ့သော မင်းနေပြည်သည် ငါတို့နင်းလျောက်သွားသော မြေပြင်အောက်၌ ရှိနေသည်ဟု တရံတဆစ်မျှ တွေးဖူးကြမည်လည်းမဟုတ်။ ဤပြည်၊ ဤတိုင်းကို ထူထောင်ခဲ့သော ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကိုလည်း စေတီကြိုအကြားမှ မြက်တစ်ဖုတ်လောက်မျှ အရေးပါသည်ဟုလည်း မထင်၊ ရှေ့နောက်အရေးတွေးမိသမျှ နွားကျောင်းလုလင်လက်မှ တုတ်ဒဏ်ဝေးရန်နှင့်
ဝမ်းဝရန်သာ။
မျိုးဆက်တို့ တစ်ဆက်ပြီး တစ်ဆက်ကျော်လွန်လာခဲ့ပြီ။ အသွေးတို့ကို၎င်း၊ အသားတို့ကို၎င်း၊ အရေတို့ကို၎င်း
ပေးခဲ့ကြပြီးပြီ။ အမှတ်အသားကားမရှိ။ ရှေးကံမကောင်း၍ အကြောင်းမလှသည်ကိုလည်း မမြင်၊ ရှေ့ကံကောင်းရန် အားထုတ်ဖို့လည်း မကြိုးစား၊ စားနေရသော မြက်ခြောက်ပဲရိုးတို့ကသာ အရေးအရာကြီးနေသဖြင့်လည်း နွားဖြစ်နေကြခြင်းဖြစ်သည်။
နွားအိုတို့ကလည်း အစာဟောင်းကို စားမြုံ့ပြန်လျက်၊ နွားပျိုတို့ကလည်း ချိုထောင်ကာ မာန်ကြွလျက် ပညာညဏ်မရှိသောကြောင့် မနက်ဖြန်၌ လာဦးမည်ဖြစ်သော နွားကျောင်းသားတို့၏ တုတ်ချက်ကို၎င်း၊ မာန်မဲကြိမ်းဝါးမှုကို၎င်း၊ သတ်ဖြတ်ညှင်းဆဲခြင်းကို၎င်း ခံရဦးမည်ဖြစ်ပါတော့သည်။
( နွားဖြစ်၍ ခံရသည်မှတ်ပါ )

Read More...

Saturday, May 2, 2009

နာရီရဲ့ သီချင်း

မေ့ပျောက်ခြင်းခံထားရတဲ့ သီချင်းလေးကို မနေ့ကကြားမိတော့ စိတ်မကောင်းဘူး။ ကိုယ်က ရေစီးသန်သန်မြစ်ထဲ ကူးခတ်နေရတော့ ကျန်တာတွေကို အရေးမကြီးဘူးဆိုပြီး မေ့ပျောက်လွယ်လိုက်မိနေလား မသိတော့ပါဘူး။ ကျွန်တော်ငယ်ငယ်က ဒီသီချင်းလေးကို ရွတ်ဆို ကမ္ဘာကြီးမှာနေထိုင်သ၍ ဒီသီချင်းလေးအတိုင်း နေထိုင်မယ်လို့ ရည်မှန်းခဲ့ဖူးတယ်။ အခုထိလည်း အဲ့အတိုင်းလေး နေထိုင်သွားနိုင်မယ်လို့ ထင်မှတ်ထားဆဲပါ။ ခင်ဗျားတို့ကောနားထောင်ကြည့်ပါလား ။

မြစ်တစ်ခုလို အချိန်များစီးဆင်းဆဲ လူ့ဘ၀ကို တို့ရရှိခဲ့တယ်
လောကကိုပေးဆပ်ဖို့ပဲ ဘ၀အတွက်နှစ်သိမ့်ခဲ့
အိုရေဆန်လေဆန် ဒီခရီးလမ်းထဲ လူ့ဘ၀တစ်ခုတော့ အခိုင်အမာဆောက်တည်မယ်။

လောကမှာ ကိုယ့်ဘ၀အသက်ဆက်ဖို့အတွက် တခြားဘ၀တွေ မဆုံးရှုံးသွားဖို့ပဲ
နှလုံးသားမှာ သတိရှိနေ အိုး စွန့်လွတ်ဖို့အသင့်ပဲ
ရည်ရွယ်တာတွေမဖြစ်သေးလဲ သန့်သန့်ရှင်းရှင်းနေထိုင် အသက်ရှင်မယ်

( လောဘ၊ ဒေါသ မီးတောက်တွေ မောဟ၊ သောက မီးတောက်တွေ
ငြိမ်းရ သတ်ရခက်ခဲ့ရင် သီချင်းလေးနားဆင်ဦး )
နာရီရဲ့သီချင်း ... နာရီရဲ့သီချင်း ...နာရီရဲ့သီချင်း အားသတိပြုကွယ်။

လူ့ဘ၀ဟာရခဲလွန်းလှတယ် ကိုယ့်ဘ၀ကိုအလွဲသုံးစား မလုပ်နဲ့
တစ်နေ့နေ့ သေခြင်းတရားမှာ အားလုံးအဆုံးသတ်ရမယ်
အို ရှင်သန်ချိန်တွေ တိုတောင်းလွန်းတယ် မကောင်းမှုလုပ်ဖို့ အချိန်တွေနှမြောပါတယ်။

( လောဘ၊ ဒေါသ မီးတောက်တွေ မောဟ၊ သောက မီးတောက်တွေ
ငြိမ်းရ သတ်ရခက်ခဲ့ရင် သီချင်းလေးနားဆင်ဦး )
နာရီရဲ့သီချင်း ... နာရီရဲ့သီချင်း ...နာရီရဲ့သီချင်း အားသတိပြုကွယ်။

သီချင်းလေးနာမည်က နာရီရဲ့ သီချင်းပါပဲ ... ထူးအိမ်သင်ရဲ့ သီချင်းလေးပါ။ ရင်ထဲကလာတဲ့ အသံကို
ကျွန်တော်တို့ မေ့မပစ်သင့်ဘူး မဟုတ်လားနော်။

Read More...

Monday, March 2, 2009

အချိန်တွေ မကုန်ရဖို့

ကျွန်မတို့ ဘ၀မှာ မကြာခဏ ငြီးတွားခဲ့ကြဖူးပါသည်။ အခက်အခဲတစ်စုံတစ်ခု ကြုံလာရတိုင်း၊ ကျွန်မတို့ မကျော်လွှားနိုင်သော အတားအဆီးများ ပိတ်ပင်နေတိုင်း၊ အားမလိုအားမရ ငြီးတွားမိကြသည်။ စိတ်ထဲမှာ ခက်ခဲပင်ပန်းနေတာကို ဖွင့်ထုတ်ငြီးတွားလိုက်သဖြင့် ပေါ့ပါးသက်သာသလို ရှိသွားသော်လည်း တကယ်တမ်း ကျပ်တည်းနေတာကတော့ ပြေပျောက်သွားပါရဲ့လား။ လူတိုင်းမှာ အခက်အခဲများရှိနေကြတာကို ထူးခြားပြီး မပြီးမစီးငြီးတွားနေသူကို ဘယ်သူကသနားပါသလဲ။ ဘာအကျိုးမှမရလိုက်ဘဲ ကျွန်မတို့သာ အချိန်တွေ ကုန်သွားရသည်။

ကျွန်မတို့ ငြီးတွားသင့်ပါရဲ့လား။

တစ်စုံတစ်ခုကိုအလိုမကျတိုင်း ငြီးတွားနေမယ့်အစား အလိုကျလာမယ့်အခြားတစ်ခုခုကို အစားထိုးပြုလုပ်လိုက်တာက ပိုကောင်းမယ်ထင်ပါတယ်။ မကျေနပ်တဲ့အငုံ့စိတ်ကို ခဏလမ်းလွှဲလိုက်တာမျိုးပေါ့။ ဒါပေမယ့် အဲဒိအငုံ့စိတ်ကို အဲဒိအတိုင်းထားပြန်ရင်လည်း မကျေနပ်မှုအဆောက် အဦက ပိုကြီးလာမှာဖြစ်လို့ လိုချင်တာကိုလည်း ပြန်ကြိုးစားကြရမှာပါ။ ဘယ်လိုပဲပြောပြော ကျွန်မတို့ လိုချင်တာတွေရအောင် ကြိုးစားတဲ့အခါမှာ မလိုအပ်ဘဲအချိန်မကုန်ရဖို့ ငြီးတွားတဲ့အကျင့်ကို လျော့သင့်တယ်လို့ မြင်မိပါတယ်။ ။

(Messy)

Read More...

Monday, February 23, 2009

စာဖတ်တတ်ဖို့

ကျွန်တော်တို့ကျောင်းမှာ ကျောင်းဆင်းဖို့အတွက် စာတမ်းတစ်စောင်ရေးရပါတယ်။ အဲဒီမှာ သတိပြုမိတာ တစ်ခုက တချို့ကျောင်းသားများဟာ ရှိပြီးသားစာအုပ်ထဲက အဓိကအချက်အလက်တွေကိုတောင် မြင်အောင် မဖတ်နိုင်ကြပါဘူး။ မြန်မာလိုရေးထားတဲ့ စာအုပ်စာတမ်းတွေထဲက ဘယ်အချက်ကို ကိုယ့်စာတမ်းနဲ့ ကိုက်ညီမှုရှိမရှိတောင် မသိတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်ဖတ်မိတဲ့ ချင်းတွင်းမဂ္ဂဇင်းထဲက ဒီဆောင်းပါးလေးမှာပါသလို ကျွန်တော်တို့မှာ စာအုပ်ဖတ်နည်းသင်တန်းမရှိရင်တောင် စာအုပ်ဖတ်နည်းကို ဖော်ပြတဲ့ဆရာဒေါက်တာခင်မောင်ဝင်းလို စာရေးသူများများရှိရင် သိပ်ကောင်းမှာပါ။
ဒီဆောင်းပါးကို စာအုပ်ထဲမှာများ မဖတ်မိသူရှိရင် ဘလော့ခ်ပေါ်မှာ ဖတ်ကောင်းဖတ်မိနိုင်အောင် ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်ခင်ဗျာ။

.....................................................................................
သက်မဲ့ပစ္စည်းများနှင့် လူဖန်တီးသော အရာဝတ္ထုများထဲတွင် စာအုပ်များသည် လူနှင့်အနီးစပ်ဆုံးဖြစ်သည်။
အကြောင်းမှာ စာအုပ်များထဲတွင် လူသားတို့၏ အတွေ့အကြုံများ၊ မျှော်မှန်းချက်များ၊ ထင်ယောင်ထင်မှားဖြစ်မှုများ၊
အထင်နဲ့အမြင်လွဲမှားမှုများ၊ အမှန်တရားကို မြတ်နိုးမှုများ၊ အမှားများဆီသို့ ဦးတည်နေခြင်းများတို့ ပါဝင်သောကြောင့်ဖြစ်သည်။

စာဖတ်ခြင်းသည် အနုပညာတစ်ရပ် ဖြစ်သည့်အားလျော်စွာ ကောင်းစွာဆောင်ရွက်နိုင်သော နည်းလမ်း သဘောတရားနှင့်ဧကန်တကယ် ဖြစ်မြောက်လာခြင်းတို့ကြားတွင် ကွာဟချက်ရှိနေသည်ကို ခံစားရပါသည်။ ယင်းကွာခြားချက်ကို စေ့နိုင်သမျှစေ့အောင် ပြုလုပ်နိုင်သော်လည်း ၄င်းသည် အစဉ်ရှိနေမည့်အရာဖြစ်သည်။ ဤကွာဟချက်သည် အမြဲရှိနေမည်ဆိုသည့်အချက်ကြောင့် စာဖတ်သူအနေဖြင့် စာဖတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုတို့ကို လေ့ကျင့်ပျိုးထောင်မှု မလုပ်ဘဲတော့ မနေသင့်ပါ။

တချို့သောသူများသည် စာကိုကျွမ်းကျင်စွာဖတ်နိုင်ကြသည်။ သို့ သော်သူတို့ သည် ဘယ်အချိန်ကစ၍ မည်ကဲ့သို့  ဖတ်ခဲ့ ကြသည် ကို မမှတ်မိတော့ ပါ။ သူတို့သည် အကျိုးရှိအောင်စာကိုဖတ်ကြသလို၊ သူတို့ဧ။် ပျော်ရွင်မှု အတွက်လည်းဖတ်နိုင်ကြသည်။ ဤ ကဲ့သို့သော လူများအဖို့ စာဖတ်ခြင်းသည် မွေးရာပါအရည်အချင်း ဖြစ်ကြပါသည်။ အလားတူ စာရေးဆရာများသည် စာရေးခြင်းဧ။် ဥပဒေသများ၊စည်းမျဉ်းများအကြောင်းကိုမသိပဲ စာကိုကောင်းစွာရေးနိုင်ကြသည်။ဤကဲ့ သို့ သောစာရေးဆရာများသည် မွေးရာပါစာရေးဆရာများဖြစ်သည်။ လောကတွင် ဤကဲ့သို့ မွေးရာပါစာဖတ်တတ်သူများနှင့် မွေးရာပါစာဖတ်သူများ ရှိသော်လည်းရှားပါသည်။ စာအုပ်ဖတ်ခြင်းအနုပညာသည် ထိုလူနည်းစုအတွက်မဟုတ်ပါ။ စာဖတ်ခြင်းအလုပ်ကိုစိတ်ဝင်စားပြီး စာကိုကောင်းစွာဖတ်လိုသူအများစုအတွက်ဖြစ်သည်။ စာဖတ်ခြင်းဆိုင်ရာ ကျမ်းစာအုပ်များစွာရှိသော်လည်း မည်သည့် စာအုပ်မှာမှသိသင့် သိထိုက်သောအရာ ၊ သိချင်သောအရာအားလုံး အပြည့် အစုံမပါနိုင်ပါ။ စာဖတ်ခြင်းသည် လူတစ်ဦးချင်း၏ ကိုယ်ပိုင်အတွေ့ အကြုံဖြစ်သည်။ စာဖတ်ခြင်းဆိုင်ရာ စာအုပ်များ၊သင်တန်းများ အနေဖြင့် လုပ်နိုင်သည်မှာစာဖတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များဖော်ပြရန်၊ စာဖတ်သူများကိုယ်တိုင်ကျင့်သုံးခဲ့ သောနည်းလမ်းများကိုဖော်ပြပြီး ၄င်းတို့သည်မည်ကဲ့ သို့ အကျိုးရှိခဲ့ သည်ကိုတင်ပြရန်ဖြစ်သည်။ လူတိုင်းသည် ကို ယ့် အတွက်ကိုယ် စာဖတ်ခြင်းအပေါ် ယထာဘူတကျကျ ဝေဖန်သုံးသတ်ပြီး စာဖတ်သူနှင့် စာရေးသူကြား အကောင်းဆုံးဖြစ်နိုင်သော ဆက်သွယ်ရေးနည်းလမ်းကို ရှာဖွေရန်ဖြစ်သည်။ စာဖတ်သူတစ်ဦးသည် စာဖတ်မှုကျွမ်းကျင်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်များ ၊ အပြစ်များကိုတွေ့ လျှင် စိတ်ဓာတ်ကျစရာမလိုပါ။စာဖတ်ခြင်းစီမံကိန်းအတွက် အနည်းဆုံး လိုအပ်ချက်မှာ စာအုပ်ကောင်းကောင်းရှိခြင်း ဥာဏ်ပညာ၊ ကိုယ့်စိတ်ကိုယ်နိုင်နင်းမှုနှင့် ကြိုးစားအားထုတ်မှုဖြစ်သည်။

စာဖတ်သူများအနေနှင့် အဓိကလုပ်ရမည်မှာဖတ်စရာစာများကိုကိုယ်တိုင်အခေါက်ခေါက်ပြန်၍ဖတ်ရန် ၄င်း တို့ကိုသရုပ်ခွဲလေ့လာရန်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်တိုင်လုပ်ဆောင်သောနည်းဖြင့်သာလျှင် စာဖတ်စွမ်းရည် တိုးတက်လိမ့်မည်။ ကိုယ့်ကိုကိုယ်ပညာပေးခြင်း၊ကိုယ်တိုင်လုပ်ကြည့် ခြင်းသည်သာလျှင် အကောင်းဆုံး ပညာရေးဖြစ်သည်။ စာဖတ်သူများတွင် တွေ့ရသော အားနည်းချင်သုံးခုရှိပါသည်။ ၄င်းတို့မှာ ဖတ်စရာ စာများစွာကျန်သေးမည်ကို သတိထားလွန်း၍ စာကိုအမြန်ဖတ်ခြင်းကိုဦးစားပေးလွန်းခြင်း နောက်တစ်ခုမှာ ကိုယ်တိုင်ကစာဖတ်နှေးသဖြင့်  စာနှေးနှေးဖတ်ခြင်းသည် ပိုမို၍နားလည်ခြင်းဖြစ်သည်ဟု ယုံကြည်ခြင်းနှင့် နောက်အားနည်းချက်တစ်ခုမှာ ကိုယ်၏ စဉ်းစားဥာဏ်ကို စိန်ခေါ်သကဲ့သို့ ဖြစ်သောစာများကို ပျင်းစရာ ကောင်းသည်ဟုသတ်မှတ်တတ်ခြင်းတို့ ဖြစ်သည်။

ပါမောက္ခ ရေမွန်ဝီဘာ(Raymond Weaver) သည် စာဖတ်သူများကို အောက်ပါမေးခွန်းနှစ်ခုဖြင့် မေးလေ့ရှိသည်။
(၁) သင်ဖတ်ဖူးသောစာအုပ်များထဲတွင် သင်မကြိုက်သောစာအုပ်များသည် အဘယ်နည်း။
(၂) သင့်တွင်မည်ကဲ့ သို့ သောအားနည်းချက်များရှိ၍ ဤစာအုပ်များကိုမကြိုက်သနည်း။
စာဖတ်ခြင်းအလေ့အကျင့်ကောင်းများ ရလိုသောသူသည် စိတ်ခိုင်ဖို့ လိုသည်။ အကြောင်းမှာသူသည်သူလုပ်နေကြဖြစ်သော အကျင့် စရိုက်တို့ ပြောင်းလဲရန်ကြိုးစားနေသောကြောင့်ဖြစ်သည်။ ထိုပြောင်းလဲမှုသည်စိတ်ခိုင်တော့ မှသာဖြစ်နိုင်ပါမည်။ စာဖတ်ခြင်းကိုကျွမ်းကျင်လိုသူများအတွက် သတိပေးလိုသူမှာ ပထမအဆင့်တွင် ယေဘူယျအားဖြင့် မည်သည့် စာကိုမဆိုဖတ်သောနည်းဗျူဟာကိုလေ့လာရခြင်းဖြစ်သည်။ ထိုအဆင့်တွင်စာအမျိုးအစားကို ရွေး၍မရနိုင်သေးပါ။

စာဖတ်သည့်နည်းဗျူဟာတွင် အလေးပေးရသည်မှာစာအမျိုးမျိုးထဲတွင်ပါဝင်သောသဘောတရားစိတ်ကူးနှင့် အတွေးအခေါ်များကို တိတိကျကျ နားလည်အောင်လုပ်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် စာပိုဒ်တစ်ခုကို ဖတ်ခြင်းဖြင့်စတင်သည်။ ဖတ်သောစာပိုဒ်သည် ယေဘုယျသဘောတရားတစ်ခု၏ တစ်စိတ်တစ်ဒေသကို ဖော်ပြထားသောအရာဖြစ်ရမည်။ ထိုစာပိုဒ်တွင်ပါဝင်သော သဘောတရားကိုဆွေးနွေးရာတွင် ထိုစာပိုဒ်၌ မပါဝင်သော အကြောင်းအရာများကို ရောက်မသွားဖို့ကို သတိပြုရမည်ဖြစ်သည်။ စာပိုဒ်ထဲတွင်ပါဝင်သော အဓိကကြောင်းအရာကို ၀ါကျတစ်ကြောင်းတည်းဖြင့် ရေးသားဖော်ပြသော အလေ့အကျင့်သည်လည်း အကျိုးရှိသောအလုပ်တစ်ခုဖြစ်သည်။

စာပိုဒ်များကို ဖတ်သည့်အလေ့အကျင့်ပြီးလျှင် ဒုတိယအဆင့်မှာ ၀ါကျအမျိုးမျိုးတို့၏ ဖွဲ့စည်းပုံကို သဒ္ဒါသဘောတရားနှင့် စကားပရိယာယ်သဘောတရားတို့ဖြင့် လေ့လာခြင်းဖြစ်သည်။ စာပိုဒ်ကို ရှေးဦးစွာဖတ်ခြင်းသည် ၀ါကျကိုနားလည်ရန် အရေးကြီးပုံကို သဘောပေါက်စေသည်။ စာပိုဒ်ကို ရှေးဦးစွာလေ့လာခြင်းသည် အတွေးအခေါ်၊စိတ်ကူးတို့ကို ဖော်ထုတ်ခြင်းတွင် အရေးပါသည်။ ၀ါကျသည် အသေးစိတ်အချက်အလက်များကို ဖော်ပြသည်။ အသေးစိတ်အချက်အလက်များသည် စာပိုဒ်၏ အတွေးအခေါ်စိတ်ကူးကို ပြသသည်။ ထိုအတွေးအခေါ်များသည် စာဖတ်သူ၏ ကိုယ်ပိုင်အတွေးများထဲတွင် ပါဝင်လာပြီး နောက်ထပ်အတွေးသစ်များ ဖြစ်လာစေသည်။

ဝါကျများကို ဖတ်သည့်အခါတွင် အခက်အခဲတစ်ခုမျာ ၀ါကျဖွဲ့စည်းပုံကို နားလည်ဖို့ဖြစ်သည်။ စာဖတ်သူသိချင်သော အကြောင်းကိုဖော်ပြသော ၀ါကျများသည်ရှည်သည်၊ အပိုဒ်ခွဲပေါင်းမားစွာဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ထိုဝါကျကို ဖွဲ့စည်းထားသော သဒ္ဒါသဘောတရားများကို သိထားဖို့လိုအပ်သည်။ စာဖတ်သူသည် ၀ါကျထဲတွင်ပါဝင်သော အပိုဒ်ခွဲများနှင့် ၄င်းတို့၏ ဆက်သွယ်ပုံတို့ကို သိရမည်။ ထိုအသိတရား သည် စာရေးသူနှင့် စာဖတ်သူနှစ်ဦးစလုံးတွင် ရှိရမည်ဖြစ်သည်။

အချက်အလက်များကို ဖော်ပြသောဆောင်းပါးများ ဖတ်ခြင်းအကြောင်းကို ဆက်လက်ဆွေးနွေးလိုပါသည်။ သိပ္ပံဆိုင်ရာ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိသော ဆောင်းပါးများကို ဖတ်သောသူတို့သည် ၄င်းတို့ကို ဘယ်လိုဖတ်ရမည်၊ ဘယ်လိုနားလည်ရမည်တို့ကို အလိုအလျောက်သိထားကြပုံပေါ်သည်။ ယင်း ဆောင်းပါး များ၏ အနက်အဓိပ္ပာယ်နှင့် ပတ်သက်၍လည်း သံသယကင်းရှင်းကြသည်။ ယင်းဆောင်းပါးမျိုးကို ရှာဖွေ၍ ဖတ်သောသူများသည် ပညာတတ်လူတန်းစားများဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤဆောင်းပါးမျိုးကို ဖတ်ခြင်းသည် ဂန္တ၀င်စာပေတို့ကို ဖတ်ရန်အတွက် နိဒါန်းပျိုးခြင်း ဖြစ်သင့်ပါသည်။ ထိုဆောင်းပါးများတွင် လစ်လပ်နေသောအရာမှာ ခံစားချက်ဖြစ်သည်။ ထိုလစ်လပ်နေသောအရာကို ဂန္တ၀င်စာပေများက ဖြည့်ပေးနိုင်ပါသည်။

ဤအခန်းကို မေးခွန်းများဖြင့်အဆုံးသတ်ပါမည်။ မေးခွန်းများကိုဖြေကြည့်ခြင်းဖြင့် စာဖတ်သူအနေဖြင့် မိမိ၏ ဝေဖန်သုံးသပ်သောစိတ်ဖြင့် စာဖတ်သည့် အရည်အချင်းကို အကဲဖတ်ကြည့်နိုင်ပါသည်။

၁။ သင်သည် အရာရာတိုင်းကို တစ်လုံးချင်း ဖြည်းဖြည်းမှန်မှန် ဖတ်တတ်ပါသလား။ သို့မဟုတ် သင့်ရဲ့ စာဖတ်နှုန်းကို ဖတ်နေသော အကြောင်းအရာကိုလိုက်၍ သို့မဟုတ် ရည်ရွယ်ချက်ကိုလိုက်၍ ပြောင်းပါသလား။

၂။ သင်သည် ဖတ်ပြီးလျှင် မေ့သွားတတ်ပါသလား။ သို့မဟုတ် သင်ဖတ်နေသော စာထဲတွင် သိသင့်သိထိုက်သောအရာများပါလျှင် ၄င်းတို့ကို တချိန်ချိန်တွင် အကျဉ်းချုပ်လောက်ကို ပြန်၍မှတ်မိပါသလား။

၃။ စာဖတ်သောအခါတွင် မသိသောစကားလုံးများစွာကို တွေ့ရသောကြောင့် သင်သည်စာဖတ်ရန် စိတ်ပျက်သွားပါသလား။ သို့မဟုတ် သင်သည် စကားလုံးအသစ်တစ်ခု၏ အဓိပ္ပါယ်ကို အသုံးအနှုန်းနှင့် သူ့ပတ်ဝန်းကျင်ကိုကြည့်၍ ခန့်မှန်းနိုင်ပါသလား။

၎။ သင်သည် စာတစ်မျိုးတည်းကိုသာ ဖတ်လေ့ရှိသလား။ သို့မဟုတ် သင်သည် သတင်းစာ၊ ဆောင်းပါးများ၊ မဂ္ဂဇင်းများ၊ စာအုပ်များ အမျိုးစုံဖတ်ပါသလား။

၅။ သင်သည် စာဖတ်သည့်အခါတွင် သိပ်မကြာမီတွင် မျက်စိညောင်းတတ်ပါသလား။ သို့မဟုတ် အချိန်ကြာရှည်စွာ အလွယ်တကူစာဖတ်နိုင်သလား။

၆။ သင်သည် စာဖတ်သည့်အခါတွင် စိတ်ပျံ့လွင့်တတ်သလား။ သင်သည် အခြားသို့ စိတ်ရောက်လွယ်သလား။ သို့မဟုတ် ကြာရှည်စွာ စိတ်ကိုတစ်နေရာတည်း၌ ထားနိုင်သလား။

၇။ သင်ဖတ်နေသောအကြောင်းအရာကို နားလည်ဖို့အခက်အခဲရှိသလား။ သို့မဟုတ် သင်ဖတ်နေသောအကြောင်းအရာ၏ အတိုချုပ်ကို သင်သိနိုင်သလား။

၈။ စာဖတ်သည့်အခါ သင်သည် စကားလုံးများကိုပဲ မြင်သလား။ သို့မဟုတ် အကြောင်းအရာများ စုစည်းထားပုံ၊ စာရေးဆရာ၏ တင်ပြပုံတင်ပြနည်း၊ အစီအစဉ်တို့ကို မြင်သလား။

၉။ သင်သည် စာဖတ်သည့်အခါတွင် သင်၏နားလည်သည့်အရည်အချင်းသည်၊ ရင့်ကျက်မှုသည်၊ သည်အတိုင်းပဲရှိနေသလား။ သို့မဟုတ် သင်သည် စာဖတ်ရင်း သင်၏ ရင့်ကျက်မှုတိုးလာခြင်း ယခင်ကနားမလည်သောအကြောင်းအရာများကို နားလည်လာခြင်းကို သတိပြုမိပါသလား။

၁၀။ သင့်အတွက် စာဖတ်ခြင်းသည် စိတ်နားခိုရာသက်သက် ပြင်ပလောကမှ လွတ်မြောက်ရာသက်သက် ဖြစ်သလား။ သို့မဟုတ် သင်သည် နက်နဲသောစာများကို ဖတ်ပြီး ၄င်းတို့အပေါ်တွင် ပိုမို၍စိတ်ကျေနပ်မှုတိုးလာသလား။


နိဂုံးအနေနှင့်ပြောလိုသည်မှာ စာဖတ်ခြင်းစီမံကိန်းသည် ပညာရေးစီမံကိန်းအားလုံးတွင် မရှိမဖြစ်လိုအပ်သော အခက်ဆုံးလည်းဖြစ်ပြီး ဘယ်သူမှ ထိထိရောက်ရောက်မလုပ်နိုင်သေးသော အရာလည်းဖြစ်ပါသည်။

(နယူးယောက်တက္ကသိုလ်တွင် စာဖတ်ခြင်းကို စီမံကိန်းတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်၊ စာဖတ်ခြင်းဌာနဟူ၍ သီးခြားဖွင့်လှစ်၍ ယင်းဌာန၏ ဌာနမှူး ဒေါက်တာစတယ်လာစင်တာ (Dr. Stella Center)ကိုယ်တိုင်ရေးသားသော စာဖတ်ခြင်းအနုပညာ (The Art of Book Reading) စာအုပ်မှ ကောက်နုတ်တင်ပြချက်များဖြစ်သည်။ သမိုင်းပညာရှင်ဖြစ်သည်၊ အက်ဆေးရေးဆရာ၊ ဝေဖန်ရေးဆရာ သောမတ်ကာလိုင်း(Thomas Carlyle)သည် ပညာရေးဆိုင်ရာ စီမံကိန်းအားလုံးတွင် စာဖတ်ခြင်း၏ အရေးပါပုံ၊ မရှိမဖြစ်လိုအပ်ပုံကို အသိအမှတ်ပြုသည်။ သူက ဤသို့ဆိုသည်။
“အခုခေတ်မှာ တကယ့်တက္ကသိုလ်စစ်စစ်ဆိုတာဟာ စာအုပ်တွေ စုဆောင်းထားတာသာဖြစ်ပါတယ်”


ဒေါက်တာခင်မောင်ဝင်း
ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် ၂၇၊ ဇွန်လ၊ ၂၀၀၈ မှကောက်နုတ်တင်ပြသည်။

Read More...