Tom နှင့် Messy ၏ ရဲတိုက်ငယ်ငယ်..

ပုဂ္ဂလမှ လွတ်လပ်လင်းပွင့်သော အဖွဲ့အစည်းဆီသို့ ..

Monday, February 23, 2009

စာဖတ်တတ်ဖို့

ကျွန်တော်တို့ကျောင်းမှာ ကျောင်းဆင်းဖို့အတွက် စာတမ်းတစ်စောင်ရေးရပါတယ်။ အဲဒီမှာ သတိပြုမိတာ တစ်ခုက တချို့ကျောင်းသားများဟာ ရှိပြီးသားစာအုပ်ထဲက အဓိကအချက်အလက်တွေကိုတောင် မြင်အောင် မဖတ်နိုင်ကြပါဘူး။ မြန်မာလိုရေးထားတဲ့ စာအုပ်စာတမ်းတွေထဲက ဘယ်အချက်ကို ကိုယ့်စာတမ်းနဲ့ ကိုက်ညီမှုရှိမရှိတောင် မသိတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်ဖတ်မိတဲ့ ချင်းတွင်းမဂ္ဂဇင်းထဲက ဒီဆောင်းပါးလေးမှာပါသလို ကျွန်တော်တို့မှာ စာအုပ်ဖတ်နည်းသင်တန်းမရှိရင်တောင် စာအုပ်ဖတ်နည်းကို ဖော်ပြတဲ့ဆရာဒေါက်တာခင်မောင်ဝင်းလို စာရေးသူများများရှိရင် သိပ်ကောင်းမှာပါ။
ဒီဆောင်းပါးကို စာအုပ်ထဲမှာများ မဖတ်မိသူရှိရင် ဘလော့ခ်ပေါ်မှာ ဖတ်ကောင်းဖတ်မိနိုင်အောင် ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်ခင်ဗျာ။

.....................................................................................
သက်မဲ့ပစ္စည်းများနှင့် လူဖန်တီးသော အရာဝတ္ထုများထဲတွင် စာအုပ်များသည် လူနှင့်အနီးစပ်ဆုံးဖြစ်သည်။
အကြောင်းမှာ စာအုပ်များထဲတွင် လူသားတို့၏ အတွေ့အကြုံများ၊ မျှော်မှန်းချက်များ၊ ထင်ယောင်ထင်မှားဖြစ်မှုများ၊
အထင်နဲ့အမြင်လွဲမှားမှုများ၊ အမှန်တရားကို မြတ်နိုးမှုများ၊ အမှားများဆီသို့ ဦးတည်နေခြင်းများတို့ ပါဝင်သောကြောင့်ဖြစ်သည်။

စာဖတ်ခြင်းသည် အနုပညာတစ်ရပ် ဖြစ်သည့်အားလျော်စွာ ကောင်းစွာဆောင်ရွက်နိုင်သော နည်းလမ်း သဘောတရားနှင့်ဧကန်တကယ် ဖြစ်မြောက်လာခြင်းတို့ကြားတွင် ကွာဟချက်ရှိနေသည်ကို ခံစားရပါသည်။ ယင်းကွာခြားချက်ကို စေ့နိုင်သမျှစေ့အောင် ပြုလုပ်နိုင်သော်လည်း ၄င်းသည် အစဉ်ရှိနေမည့်အရာဖြစ်သည်။ ဤကွာဟချက်သည် အမြဲရှိနေမည်ဆိုသည့်အချက်ကြောင့် စာဖတ်သူအနေဖြင့် စာဖတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုတို့ကို လေ့ကျင့်ပျိုးထောင်မှု မလုပ်ဘဲတော့ မနေသင့်ပါ။

တချို့သောသူများသည် စာကိုကျွမ်းကျင်စွာဖတ်နိုင်ကြသည်။ သို့ သော်သူတို့ သည် ဘယ်အချိန်ကစ၍ မည်ကဲ့သို့  ဖတ်ခဲ့ ကြသည် ကို မမှတ်မိတော့ ပါ။ သူတို့သည် အကျိုးရှိအောင်စာကိုဖတ်ကြသလို၊ သူတို့ဧ။် ပျော်ရွင်မှု အတွက်လည်းဖတ်နိုင်ကြသည်။ ဤ ကဲ့သို့သော လူများအဖို့ စာဖတ်ခြင်းသည် မွေးရာပါအရည်အချင်း ဖြစ်ကြပါသည်။ အလားတူ စာရေးဆရာများသည် စာရေးခြင်းဧ။် ဥပဒေသများ၊စည်းမျဉ်းများအကြောင်းကိုမသိပဲ စာကိုကောင်းစွာရေးနိုင်ကြသည်။ဤကဲ့ သို့ သောစာရေးဆရာများသည် မွေးရာပါစာရေးဆရာများဖြစ်သည်။ လောကတွင် ဤကဲ့သို့ မွေးရာပါစာဖတ်တတ်သူများနှင့် မွေးရာပါစာဖတ်သူများ ရှိသော်လည်းရှားပါသည်။ စာအုပ်ဖတ်ခြင်းအနုပညာသည် ထိုလူနည်းစုအတွက်မဟုတ်ပါ။ စာဖတ်ခြင်းအလုပ်ကိုစိတ်ဝင်စားပြီး စာကိုကောင်းစွာဖတ်လိုသူအများစုအတွက်ဖြစ်သည်။ စာဖတ်ခြင်းဆိုင်ရာ ကျမ်းစာအုပ်များစွာရှိသော်လည်း မည်သည့် စာအုပ်မှာမှသိသင့် သိထိုက်သောအရာ ၊ သိချင်သောအရာအားလုံး အပြည့် အစုံမပါနိုင်ပါ။ စာဖတ်ခြင်းသည် လူတစ်ဦးချင်း၏ ကိုယ်ပိုင်အတွေ့ အကြုံဖြစ်သည်။ စာဖတ်ခြင်းဆိုင်ရာ စာအုပ်များ၊သင်တန်းများ အနေဖြင့် လုပ်နိုင်သည်မှာစာဖတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များဖော်ပြရန်၊ စာဖတ်သူများကိုယ်တိုင်ကျင့်သုံးခဲ့ သောနည်းလမ်းများကိုဖော်ပြပြီး ၄င်းတို့သည်မည်ကဲ့ သို့ အကျိုးရှိခဲ့ သည်ကိုတင်ပြရန်ဖြစ်သည်။ လူတိုင်းသည် ကို ယ့် အတွက်ကိုယ် စာဖတ်ခြင်းအပေါ် ယထာဘူတကျကျ ဝေဖန်သုံးသတ်ပြီး စာဖတ်သူနှင့် စာရေးသူကြား အကောင်းဆုံးဖြစ်နိုင်သော ဆက်သွယ်ရေးနည်းလမ်းကို ရှာဖွေရန်ဖြစ်သည်။ စာဖတ်သူတစ်ဦးသည် စာဖတ်မှုကျွမ်းကျင်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်များ ၊ အပြစ်များကိုတွေ့ လျှင် စိတ်ဓာတ်ကျစရာမလိုပါ။စာဖတ်ခြင်းစီမံကိန်းအတွက် အနည်းဆုံး လိုအပ်ချက်မှာ စာအုပ်ကောင်းကောင်းရှိခြင်း ဥာဏ်ပညာ၊ ကိုယ့်စိတ်ကိုယ်နိုင်နင်းမှုနှင့် ကြိုးစားအားထုတ်မှုဖြစ်သည်။

စာဖတ်သူများအနေနှင့် အဓိကလုပ်ရမည်မှာဖတ်စရာစာများကိုကိုယ်တိုင်အခေါက်ခေါက်ပြန်၍ဖတ်ရန် ၄င်း တို့ကိုသရုပ်ခွဲလေ့လာရန်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်တိုင်လုပ်ဆောင်သောနည်းဖြင့်သာလျှင် စာဖတ်စွမ်းရည် တိုးတက်လိမ့်မည်။ ကိုယ့်ကိုကိုယ်ပညာပေးခြင်း၊ကိုယ်တိုင်လုပ်ကြည့် ခြင်းသည်သာလျှင် အကောင်းဆုံး ပညာရေးဖြစ်သည်။ စာဖတ်သူများတွင် တွေ့ရသော အားနည်းချင်သုံးခုရှိပါသည်။ ၄င်းတို့မှာ ဖတ်စရာ စာများစွာကျန်သေးမည်ကို သတိထားလွန်း၍ စာကိုအမြန်ဖတ်ခြင်းကိုဦးစားပေးလွန်းခြင်း နောက်တစ်ခုမှာ ကိုယ်တိုင်ကစာဖတ်နှေးသဖြင့်  စာနှေးနှေးဖတ်ခြင်းသည် ပိုမို၍နားလည်ခြင်းဖြစ်သည်ဟု ယုံကြည်ခြင်းနှင့် နောက်အားနည်းချက်တစ်ခုမှာ ကိုယ်၏ စဉ်းစားဥာဏ်ကို စိန်ခေါ်သကဲ့သို့ ဖြစ်သောစာများကို ပျင်းစရာ ကောင်းသည်ဟုသတ်မှတ်တတ်ခြင်းတို့ ဖြစ်သည်။

ပါမောက္ခ ရေမွန်ဝီဘာ(Raymond Weaver) သည် စာဖတ်သူများကို အောက်ပါမေးခွန်းနှစ်ခုဖြင့် မေးလေ့ရှိသည်။
(၁) သင်ဖတ်ဖူးသောစာအုပ်များထဲတွင် သင်မကြိုက်သောစာအုပ်များသည် အဘယ်နည်း။
(၂) သင့်တွင်မည်ကဲ့ သို့ သောအားနည်းချက်များရှိ၍ ဤစာအုပ်များကိုမကြိုက်သနည်း။
စာဖတ်ခြင်းအလေ့အကျင့်ကောင်းများ ရလိုသောသူသည် စိတ်ခိုင်ဖို့ လိုသည်။ အကြောင်းမှာသူသည်သူလုပ်နေကြဖြစ်သော အကျင့် စရိုက်တို့ ပြောင်းလဲရန်ကြိုးစားနေသောကြောင့်ဖြစ်သည်။ ထိုပြောင်းလဲမှုသည်စိတ်ခိုင်တော့ မှသာဖြစ်နိုင်ပါမည်။ စာဖတ်ခြင်းကိုကျွမ်းကျင်လိုသူများအတွက် သတိပေးလိုသူမှာ ပထမအဆင့်တွင် ယေဘူယျအားဖြင့် မည်သည့် စာကိုမဆိုဖတ်သောနည်းဗျူဟာကိုလေ့လာရခြင်းဖြစ်သည်။ ထိုအဆင့်တွင်စာအမျိုးအစားကို ရွေး၍မရနိုင်သေးပါ။

စာဖတ်သည့်နည်းဗျူဟာတွင် အလေးပေးရသည်မှာစာအမျိုးမျိုးထဲတွင်ပါဝင်သောသဘောတရားစိတ်ကူးနှင့် အတွေးအခေါ်များကို တိတိကျကျ နားလည်အောင်လုပ်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် စာပိုဒ်တစ်ခုကို ဖတ်ခြင်းဖြင့်စတင်သည်။ ဖတ်သောစာပိုဒ်သည် ယေဘုယျသဘောတရားတစ်ခု၏ တစ်စိတ်တစ်ဒေသကို ဖော်ပြထားသောအရာဖြစ်ရမည်။ ထိုစာပိုဒ်တွင်ပါဝင်သော သဘောတရားကိုဆွေးနွေးရာတွင် ထိုစာပိုဒ်၌ မပါဝင်သော အကြောင်းအရာများကို ရောက်မသွားဖို့ကို သတိပြုရမည်ဖြစ်သည်။ စာပိုဒ်ထဲတွင်ပါဝင်သော အဓိကကြောင်းအရာကို ၀ါကျတစ်ကြောင်းတည်းဖြင့် ရေးသားဖော်ပြသော အလေ့အကျင့်သည်လည်း အကျိုးရှိသောအလုပ်တစ်ခုဖြစ်သည်။

စာပိုဒ်များကို ဖတ်သည့်အလေ့အကျင့်ပြီးလျှင် ဒုတိယအဆင့်မှာ ၀ါကျအမျိုးမျိုးတို့၏ ဖွဲ့စည်းပုံကို သဒ္ဒါသဘောတရားနှင့် စကားပရိယာယ်သဘောတရားတို့ဖြင့် လေ့လာခြင်းဖြစ်သည်။ စာပိုဒ်ကို ရှေးဦးစွာဖတ်ခြင်းသည် ၀ါကျကိုနားလည်ရန် အရေးကြီးပုံကို သဘောပေါက်စေသည်။ စာပိုဒ်ကို ရှေးဦးစွာလေ့လာခြင်းသည် အတွေးအခေါ်၊စိတ်ကူးတို့ကို ဖော်ထုတ်ခြင်းတွင် အရေးပါသည်။ ၀ါကျသည် အသေးစိတ်အချက်အလက်များကို ဖော်ပြသည်။ အသေးစိတ်အချက်အလက်များသည် စာပိုဒ်၏ အတွေးအခေါ်စိတ်ကူးကို ပြသသည်။ ထိုအတွေးအခေါ်များသည် စာဖတ်သူ၏ ကိုယ်ပိုင်အတွေးများထဲတွင် ပါဝင်လာပြီး နောက်ထပ်အတွေးသစ်များ ဖြစ်လာစေသည်။

ဝါကျများကို ဖတ်သည့်အခါတွင် အခက်အခဲတစ်ခုမျာ ၀ါကျဖွဲ့စည်းပုံကို နားလည်ဖို့ဖြစ်သည်။ စာဖတ်သူသိချင်သော အကြောင်းကိုဖော်ပြသော ၀ါကျများသည်ရှည်သည်၊ အပိုဒ်ခွဲပေါင်းမားစွာဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ထိုဝါကျကို ဖွဲ့စည်းထားသော သဒ္ဒါသဘောတရားများကို သိထားဖို့လိုအပ်သည်။ စာဖတ်သူသည် ၀ါကျထဲတွင်ပါဝင်သော အပိုဒ်ခွဲများနှင့် ၄င်းတို့၏ ဆက်သွယ်ပုံတို့ကို သိရမည်။ ထိုအသိတရား သည် စာရေးသူနှင့် စာဖတ်သူနှစ်ဦးစလုံးတွင် ရှိရမည်ဖြစ်သည်။

အချက်အလက်များကို ဖော်ပြသောဆောင်းပါးများ ဖတ်ခြင်းအကြောင်းကို ဆက်လက်ဆွေးနွေးလိုပါသည်။ သိပ္ပံဆိုင်ရာ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိသော ဆောင်းပါးများကို ဖတ်သောသူတို့သည် ၄င်းတို့ကို ဘယ်လိုဖတ်ရမည်၊ ဘယ်လိုနားလည်ရမည်တို့ကို အလိုအလျောက်သိထားကြပုံပေါ်သည်။ ယင်း ဆောင်းပါး များ၏ အနက်အဓိပ္ပာယ်နှင့် ပတ်သက်၍လည်း သံသယကင်းရှင်းကြသည်။ ယင်းဆောင်းပါးမျိုးကို ရှာဖွေ၍ ဖတ်သောသူများသည် ပညာတတ်လူတန်းစားများဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤဆောင်းပါးမျိုးကို ဖတ်ခြင်းသည် ဂန္တ၀င်စာပေတို့ကို ဖတ်ရန်အတွက် နိဒါန်းပျိုးခြင်း ဖြစ်သင့်ပါသည်။ ထိုဆောင်းပါးများတွင် လစ်လပ်နေသောအရာမှာ ခံစားချက်ဖြစ်သည်။ ထိုလစ်လပ်နေသောအရာကို ဂန္တ၀င်စာပေများက ဖြည့်ပေးနိုင်ပါသည်။

ဤအခန်းကို မေးခွန်းများဖြင့်အဆုံးသတ်ပါမည်။ မေးခွန်းများကိုဖြေကြည့်ခြင်းဖြင့် စာဖတ်သူအနေဖြင့် မိမိ၏ ဝေဖန်သုံးသပ်သောစိတ်ဖြင့် စာဖတ်သည့် အရည်အချင်းကို အကဲဖတ်ကြည့်နိုင်ပါသည်။

၁။ သင်သည် အရာရာတိုင်းကို တစ်လုံးချင်း ဖြည်းဖြည်းမှန်မှန် ဖတ်တတ်ပါသလား။ သို့မဟုတ် သင့်ရဲ့ စာဖတ်နှုန်းကို ဖတ်နေသော အကြောင်းအရာကိုလိုက်၍ သို့မဟုတ် ရည်ရွယ်ချက်ကိုလိုက်၍ ပြောင်းပါသလား။

၂။ သင်သည် ဖတ်ပြီးလျှင် မေ့သွားတတ်ပါသလား။ သို့မဟုတ် သင်ဖတ်နေသော စာထဲတွင် သိသင့်သိထိုက်သောအရာများပါလျှင် ၄င်းတို့ကို တချိန်ချိန်တွင် အကျဉ်းချုပ်လောက်ကို ပြန်၍မှတ်မိပါသလား။

၃။ စာဖတ်သောအခါတွင် မသိသောစကားလုံးများစွာကို တွေ့ရသောကြောင့် သင်သည်စာဖတ်ရန် စိတ်ပျက်သွားပါသလား။ သို့မဟုတ် သင်သည် စကားလုံးအသစ်တစ်ခု၏ အဓိပ္ပါယ်ကို အသုံးအနှုန်းနှင့် သူ့ပတ်ဝန်းကျင်ကိုကြည့်၍ ခန့်မှန်းနိုင်ပါသလား။

၎။ သင်သည် စာတစ်မျိုးတည်းကိုသာ ဖတ်လေ့ရှိသလား။ သို့မဟုတ် သင်သည် သတင်းစာ၊ ဆောင်းပါးများ၊ မဂ္ဂဇင်းများ၊ စာအုပ်များ အမျိုးစုံဖတ်ပါသလား။

၅။ သင်သည် စာဖတ်သည့်အခါတွင် သိပ်မကြာမီတွင် မျက်စိညောင်းတတ်ပါသလား။ သို့မဟုတ် အချိန်ကြာရှည်စွာ အလွယ်တကူစာဖတ်နိုင်သလား။

၆။ သင်သည် စာဖတ်သည့်အခါတွင် စိတ်ပျံ့လွင့်တတ်သလား။ သင်သည် အခြားသို့ စိတ်ရောက်လွယ်သလား။ သို့မဟုတ် ကြာရှည်စွာ စိတ်ကိုတစ်နေရာတည်း၌ ထားနိုင်သလား။

၇။ သင်ဖတ်နေသောအကြောင်းအရာကို နားလည်ဖို့အခက်အခဲရှိသလား။ သို့မဟုတ် သင်ဖတ်နေသောအကြောင်းအရာ၏ အတိုချုပ်ကို သင်သိနိုင်သလား။

၈။ စာဖတ်သည့်အခါ သင်သည် စကားလုံးများကိုပဲ မြင်သလား။ သို့မဟုတ် အကြောင်းအရာများ စုစည်းထားပုံ၊ စာရေးဆရာ၏ တင်ပြပုံတင်ပြနည်း၊ အစီအစဉ်တို့ကို မြင်သလား။

၉။ သင်သည် စာဖတ်သည့်အခါတွင် သင်၏နားလည်သည့်အရည်အချင်းသည်၊ ရင့်ကျက်မှုသည်၊ သည်အတိုင်းပဲရှိနေသလား။ သို့မဟုတ် သင်သည် စာဖတ်ရင်း သင်၏ ရင့်ကျက်မှုတိုးလာခြင်း ယခင်ကနားမလည်သောအကြောင်းအရာများကို နားလည်လာခြင်းကို သတိပြုမိပါသလား။

၁၀။ သင့်အတွက် စာဖတ်ခြင်းသည် စိတ်နားခိုရာသက်သက် ပြင်ပလောကမှ လွတ်မြောက်ရာသက်သက် ဖြစ်သလား။ သို့မဟုတ် သင်သည် နက်နဲသောစာများကို ဖတ်ပြီး ၄င်းတို့အပေါ်တွင် ပိုမို၍စိတ်ကျေနပ်မှုတိုးလာသလား။


နိဂုံးအနေနှင့်ပြောလိုသည်မှာ စာဖတ်ခြင်းစီမံကိန်းသည် ပညာရေးစီမံကိန်းအားလုံးတွင် မရှိမဖြစ်လိုအပ်သော အခက်ဆုံးလည်းဖြစ်ပြီး ဘယ်သူမှ ထိထိရောက်ရောက်မလုပ်နိုင်သေးသော အရာလည်းဖြစ်ပါသည်။

(နယူးယောက်တက္ကသိုလ်တွင် စာဖတ်ခြင်းကို စီမံကိန်းတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်၊ စာဖတ်ခြင်းဌာနဟူ၍ သီးခြားဖွင့်လှစ်၍ ယင်းဌာန၏ ဌာနမှူး ဒေါက်တာစတယ်လာစင်တာ (Dr. Stella Center)ကိုယ်တိုင်ရေးသားသော စာဖတ်ခြင်းအနုပညာ (The Art of Book Reading) စာအုပ်မှ ကောက်နုတ်တင်ပြချက်များဖြစ်သည်။ သမိုင်းပညာရှင်ဖြစ်သည်၊ အက်ဆေးရေးဆရာ၊ ဝေဖန်ရေးဆရာ သောမတ်ကာလိုင်း(Thomas Carlyle)သည် ပညာရေးဆိုင်ရာ စီမံကိန်းအားလုံးတွင် စာဖတ်ခြင်း၏ အရေးပါပုံ၊ မရှိမဖြစ်လိုအပ်ပုံကို အသိအမှတ်ပြုသည်။ သူက ဤသို့ဆိုသည်။
“အခုခေတ်မှာ တကယ့်တက္ကသိုလ်စစ်စစ်ဆိုတာဟာ စာအုပ်တွေ စုဆောင်းထားတာသာဖြစ်ပါတယ်”


ဒေါက်တာခင်မောင်ဝင်း
ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် ၂၇၊ ဇွန်လ၊ ၂၀၀၈ မှကောက်နုတ်တင်ပြသည်။

3 comments:

  1. သေချာပြန်ဆန်းစစ်ကြည့်မိသွားတယ်..

    ReplyDelete
  2. ခုမှ ကိုယ့်ကိုကိုယ်တွေးမိတရ် ။ ဘာကြောင့်များ စာဖတ်တာလည်း စာဖတ်ခြင်းကို ဘယ်လိုနားလည်ထားသလဲလို့လေ ။ ကျေးဇူး ...


    (ကိုရဲ)

    ReplyDelete
  3. ဂျူနီယာလွင်ဦးMay 19, 2009 at 10:49 PM

    ချင်းတွင်း ကိုအမြဲဖတ်ဖြစ်တယ်..
    အခုတော့ အိမ်ကပို့မှဖတ်လို့ရတော့တယ်..
    ဒီမှာ ရောက်ခါစကတော့ရသေးတယ်..အခုတော့ ဆိုင်တွေက တင်ကိုမတင်ကြတော့ဘူး..
    စာတွေချည်းပဲပါတော့ လူတွေကမကြိုက်ကြဘူးလေ..
    ပြန်ဝေမျှပေးတာကျေးဇူးပါ..

    ReplyDelete