Tom နှင့် Messy ၏ ရဲတိုက်ငယ်ငယ်..

ပုဂ္ဂလမှ လွတ်လပ်လင်းပွင့်သော အဖွဲ့အစည်းဆီသို့ ..

Tuesday, July 7, 2009

ကျွန်တော်တို့တိုင်းပြည်

ဘာဖြစ်နေလဲ ... အား....ဘာဖြစ်နေလဲ တွေးလို့ကိုမရဘူးဗျာ။ ကျွန်တော်သိနေတာ အရာအားလုံးဟာ ပုံမှန်မဟုတ်ဘူးဆိုတာပဲ။ နောက်တဖြေးဖြေးချင်း ခေါင်းထဲကိုရောက်လာတာက ကျွန်တော်တို့ကား တစ်ခုခုနဲ့တိုက်ထားတယ်ဆိုတာကိုပဲ။ ရှေ့ခန်းက မောင်းတဲ့သူငယ်ချင်း ဘာဖြစ်သွားတယ်ဆိုတာထက် ကျွန်တော်ကိုယ့်ကိုယ်ကို အရင်အပြင်ရောက်အောင် တိုးထွက်နေခဲ့တယ်။ အသည်းအသန်ရုန်းထွက်လာခဲ့ပေမယ့်
ဘယ်လိုအပြင်ရောက်ခဲ့မှန်း ပြန်မေးရင် ဖြေဖို့အဖြေမရှိဘူး။
လမ်းပေါ်မှာ ကားမီးရောင်နဲ့ မှန်ကွဲစတွေက တလက်လက် ..၊ ကားခေါင်းညာဘက်ခြမ်းတစ်ခြမ်းလုံး တွန့်လိပ်လို့။ အထဲကကောင်သေပြီလား..... ... ...။ ကျွန်တော်ခေါ်ကြည့်လိုက်တယ်။ သူပြန်ထူးလာတယ် ဒါပေမယ့်သူလှုပ်လို့မရဘူး။ သူ့တကိုယ်လုံးဟာ စတီယာရင်နဲ့ ထိုင်ခုံကြားမှာညှပ်နေတယ်။ အကူအညီတခုခုရလိုရငြား လမ်းပေါ်တက်ကြည့်တော့ လမ်းတဖက်ဘီယာဆိုင်က စားပွဲထိုးလေး ၄ယောက်ရောက်လာတယ်။ ကျွန်တော်နဲနဲအားတက်သွားတယ်။ သူတို့မှာပါလာတဲ့ ဓါတ်မီးနဲ့ သူငယ်ချင်းကိုထိုးကြည့်တော့ သူ့ခြေထောက်က မမြင်ဝံ့စရာအခြေအနေ။ လာကူတဲ့ကောင်လေးကို မီးအမြန်ပြန်ပိတ်ခိုင်းလိုက်မိတယ်။ သူငယ်ချင်းက ငါ့ခြေထောက်ဘာဖြစ်သွားလဲ ... ..ဘာဖြစ်သွားလဲနဲ့မေးနေတော့ ဘာမှသိပ်များများဖြစ်မသွားတဲ့အကြောင်း ဖြေလိုက်ရပေမယ့် ရင်ထဲမှာပူနေပြီ။
ကျွန်တော်တို့ကားပေါ်မှာ ကလန့်စရာ ကုတ်အဖြစ်သုံးစရာ သံပိုက်လုံးတစ်ချောင်းကလွဲရင် တခြားပါမလာခဲ့ဘူးလေ။ ကံကကောင်းချင်တော့ ပျဉ်ချောင်းတွေတင်ထားတဲ့ကားတစ်စီး ဘေးမှာလာရပ်ပြီး ဘာဖြစ်သလဲ ဘာကူရမလဲလာမေးတယ်။ ကားပေါ်ကနေမောင်းသူနဲ့ အဖော်တွေဆင်းလာပြီး သူတို့ကားမှာပါလာတဲ့ပျဉ်ချောင်းတွေ သံပိုက်တွေနဲ့ ကလန့်ပြီး သူငယ်ချင်းကိုဆွဲထုတ်ရတယ်။ အပြင်ကိုရောက်လာတာနဲ့ ပုဆိုးတစ်ထည်နဲ့ သူ့ခြေထောက်ကို ပတ်စည်းပစ်လိုက်တယ်။ သူမမြင်စေချင်ဘူးဗျာ။
ကျွန်တော်တို့ မြို့ပြင်မှာပါ။ မိုးတွေကလည်း ဖွဲဖွဲနဲ့။ ပျဉ်တွေသယ်လာတဲ့ကားနဲ့တော့ ရန်ကုန်ကိုသယ်လို့မရတာ ကျွန်တော်လည်းနားလည်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပြီး ကားတားရအောင် လမ်းမပေါ်တက်ခဲ့တယ်ဗျာ။ ကျွန်တော့်သူငယ်ချင်းကို ပွေ့လို့ပေါ့။ ဖြတ်သွားတဲ့ကားတိုင်းက မတင်ချင်ကြဘူး။ ကားပေါ်မှာပဲသေသွားမှာ စိုးလို့လား၊ အမှုပတ်မှာစိုးလို့လား မသိပါဘူးဗျာ။
ဒီလိုနဲ့ အချိန်ကကြာလာ ကားတွေကဖြတ်ပေမယ့် မတင်သွားကြတော့ ဘေးမှာရပ်ကြည့်ပြီး လိုတာလုပ်ပေးနေတဲ့ စားပွဲထိုးကောင်လေးတွေက ဒေါသတွေထွက်လာတယ်။ ကျွန်တော်လည်းဒေါသထွက်ပါတယ်။ ကောင်လေးတွေက '' အကိုစောင့်နေ ကျွန်တော်တို့တားမယ် မရပ်ရင်ရိုက်မယ်ဗျာ'' လို့ပြောပြီး တုတ်တွေနဲ့ လမ်းလယ်ကနေရပ်ပြီးတားပါတယ်။ အဲ့ဒိတော့မှ ကားတစ်စီးရပါတယ်။ ကားဆရာကို ''အကိုရေ ကူညီပါဗျာ ခြေထောက်ပဲထိတာပါ၊ မသေပါဘူး" လို့တောင်းပန်ပြီး ရန်ကုန်ကိုပို့ခိုင်းရပါတယ်။ အဲ့လို ဖြတ်သွားသမျှ ကားအစင်းတိုင်းကို တောင်းပန်ခဲ့တာပါ။
ကားဆရာကလည်း တင်သွားပေးမယ် ဒါပေမယ့် သူ့ကားကမြို့ထဲကို ဝင်လို့မရဘူး taxi ငှားလို့ရတဲ့နေရာမှာ ချပေးထားမယ်လို့ပြောပါတယ်။ ဒါနဲ့ပဲ သူ့ကားနဲ့ လိုက်ခဲ့တာပေါ့ဗျာ။ ဘယ်နေရာထိရောက်ရောက် ခုလိုဘယ်မှမရောက်ဘဲ ဒဏ်ရာကြီးနဲ့နေနေရတာထက်တော့ ကောင်းတာပေါ့ဆိုတဲ့အတွေးနဲ့ ကားပေါ်တက်လိုက်ခဲ့တယ်။ ကျွန်တော်တို့ကားကတော့ဗျာ လှည့်ကိုမကြည့်နိုင်တော့ဘူး။
ကားကဟိုင်းလက်ကလေးဆိုတော့ မိုးတွေကပက်၊ သွေးတွေနစ်နေတဲ့ပုဆိုးပတ်ထားတဲ့ ဒဏ်ရာကြီးနဲ့ ဘော်ဒါကရင်ဘတ်ထဲမှာ မှိန်းလို့။ ဒါနဲ့ taxi တွေရပ်ထားတဲ့နေရာ ရောက်တော့ကားဆရာက ကျွန်တော်တို့ကို ချပေးပါတယ်။ သူထွက်သွားပြီး ကားလိုက်ငှားတော့ ဘယ်ကားမှမလိုက်ဘူးဗျ။ အကြောင်းပြချက်တွေအများကြီးထဲမှာ အဆိုးဆုံးက သူ့ကားသွေးတွေပေသွားလိမ့်မယ်ဆိုတဲ့ ကားဆရာစကားက အဆိုးဆုံးပေါ့ဗျာ။ နောက်ဆုံး စောစောကလိုပဲ ဟိုင်းလက်ကားလေးတစ်စီးရပါတယ်။
ကားဆရာက ပိုက်ဆံ ၂ဝဝဝဝ တောင်းပါတယ်။ ပေးတာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်ပေးရမှာပါပဲ။
အဲ့ဒီကားလေးနဲ့ ဆေးရုံကြီးကို ရောက်ခဲ့တာပေါ့ခင်ဗျာ။ ဆေးရုံကြီးရောက်တော့ ဆေးရုံကြီးဇာတ်လမ်းက စတော့တာပေါ့။ ကားတိုက်တဲ့နေရာကနေထွက်လာတာ ဆေးရုံကိုရောက်တဲ့အထိ ၅နာရီကြာပါတယ်ခင်ဗျာ။ ခရီးဝေးလို့မဟုတ်ပါဘူး။ အခုဆေးရုံပေါ်ကိုရောက်တော့ ကျွန်တော့်ဘော်ဒါက သွေးအေးသွားတာကြောင့်မို့လားမသိ စပြီးအော်ပါပြီ။ သူကအော် ကျွန်တော်ကစိတ်တွေညစ် .. ဘာလုပ်ရမှန်းလည်းမသိ၊ ဘယ်ကစလုပ်ရမှန်းလည်းမသိ ... ကျွန်တော်အပြင်ထွက်ပြီး ရေတွေသွားခပ်ခဲ့တယ်။
ပြီးတော့ဆေးရုံထဲ လျောက်လောင်းတော့တာပဲ။ ကျွန်တော်လည်း ဖတ်ဖတ်မောပြီး ရေလည်းကုန် ဆရာဝန်ရောက်လာ၊ ဆေးတစ်ချောင်းထိုးပေး၊ ဟိုကောင်လည်း အသံတိတ်ပြီး အိပ်ပျော်သွားပါတယ်။
ကျွန်တော် တော်တော်ပေါက်ကွဲနေပြီဗျ။ ဆေးရုံမှာ နောက်ထပ်၃ နာရီလောက်ကြာပြီးမှ ဆေးတစ်ချောင်းလာထိုးသွားတာပါ။ ကျွန်တော်ဆဲနည်းမျိုးပေါင်းစုံနဲ့ ကျွန်တော်ရင်ထဲမှာ ဆဲမိပြီ။ ကျွန်တော့်ဘော်ဒါကတော့ အားရပါးရအော်ကိုဆဲပြီးပါပြီ။ သူ့ခြေထောက်ကို ဖြတ်ချင်လည်း ဖြတ်ပစ်၊ ဒီအတိုင်းတော့ မခံစားနိုင်တော့ဘူးလို့လည်း အော်ပြီးပါပြီ။ သူအော်နေတုန်း သူနာပြုတစ်ယောက်က ဘာလာပြောလဲ ခင်ဗျားတို့ သိလား .. " ဒါအိမ်မဟုတ်ဘူး ဆေးရုံတဲ့" အဲ့ဒါ သူ့အမေလင်အိမ်မဟုတ်မှန်းတော့ သိတာပေါ့ဗျာ။ ဆောရီးဗျာ ရိုင်းသွားတယ်။
ကျွန်တော်တို့နိုင်ငံက ဘာနိုင်ငံတုန်း။ ကျွန်တော်တို့တွေက ဘာလူမျိုးတွေတုန်း။ ကျွန်တော်တို့ရဲ့ ကောင်းမြတ်ခြင်းဆိုတာတွေက ဘာတွေတုန်း။ ဘယ်မှာလဲ ကိုယ်ချင်းစာတရားတို့၊ ကျင့်ဝတ်တို့ ... သေချာတာ ကမ္ဘာပျက်တော့မယ်။ ကိုယ့်ဥခွံလေးကိုပဲ ကိုယ်ဂရုစိုက်နေရင် အဲ့ဒီဥခွံလေးလည်း ကြာကြာမခံပါဘူး။ ကျွန်တော်တို့ကို ကူပေးခဲ့တဲ့ စားပွဲထိုးလေးတွေ၊ ညကြီးမှောင်မှောင်မှာ သစ်တိုက်နေပေမယ့် ဝင်ကူသွားတဲ့ ကားဆရာ ... အဲ့ဖြေဆေးလေးတွေသာမရှိရင် ... ... ... ။ ။ ။

4 comments:

  1. မြန်မာ့စိတ်ရင်း ကူညီခြင်းတဲ့လေ... :(

    ReplyDelete
  2. ဟုတ်တယ် နေရာတိုင်းမှာ ဒီလိုပဲ ဖြစ်နေကြတယ်

    ReplyDelete
  3. ရင်ထဲမချိဘူး။ ဒီပို့စ်ဖတ်ပြီးတော့။
    ငါ့နိုင်ငံအတွက် ငါဘယ်ကဏ္ဍကနေမှ မပါဝင်နိုင်သေးဘူး။
    စိတ်မကောင်းဘူး-အကုန်းလုံးကိုဖြန့်တွေးသွားတယ်။
    သူငယ်ချင်းရော ဘာတွေဆက်ဖြစ်သေးလဲ။
    စာတွေဆက်ရေးကြပါဦး။

    ReplyDelete
  4. ခက်တာ ပတ်စပေါ့ပျောက်နေလို့ဗျာ (tom)

    ReplyDelete